တောလည်
Numbers
Introduction from this edition
တောလည်ရာကျမ်း
နိဒါန်း
ဣသရေလအမျိုးသားတို့သိနာတောင်ပေါ်မှထွက်ခွာလာ၍ သူတို့အားဘုရားသခင်ပေးတော်မူမည်ဟုကတိထားသည့်ခါနာန်ပြည်၏အရှေ့ဘက်နယ်စပ်သို့ရောက်ရှိသည်အထိ နှစ်ပေါင်းလေးဆယ်နီးပါးခန့်ကြာသည့်ခရီးအကြောင်းကိုတောလည်ရာကျမ်းတွင်ဖော်ပြသည်။ ဤကျမ်း၏ပေါ်လွင်သောအချက်မှာသူတို့ခရီးစ၍ မထွက်မီသိနာတောင်၌လည်းကောင်း၊ လူမျိုးဆက်တစ်ဆက်ခန့်လွန်ပြီးနောက်ယော်ဒန်မြစ်အရှေ့ဘက်၊ မောဘလွင်ပြင်၌လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကိုကောက်ယူခြင်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းနှစ်ကြိမ်စပ်ကြားကာလတွင် ဣသရေလအမျိုးသားတို့သည်ခါနာန်ပြည်၏တောင်ဘက်နယ်စပ်တွင်တည်ရှိသော ကာဒေရှဗာနာအရပ်သို့ရောက်ရှိနေသော်လည်း ခါနာန်ပြည်ထဲသို့ထိုအရပ်မှမဝင်ရောက်နိုင်ခဲ့ကြချေ။ သူတို့သည်ယင်းအရပ်တွင်နှစ်ပေါင်းများစွာနေထိုင်ကြပြီးနောက် ယော်ဒန်မြစ်အရှေ့ဘက်ဒေသသို့ရောက်ရှိပြီးလျှင်လူအချို့တို့သည် ထိုဒေသ၌အခြေချနေထိုင်၍ ကျန်လူတို့သည်ခါနာန်ပြည်ထဲသို့မြစ်ကိုကူး၍ဝင်ရောက်ရန်ပြင်ဆင်ကြသည်။
တောလည်ရာကျမ်းတွင်ဆင်းရဲဒုက္ခနှင့်တွေ့ကြုံရသောအခါ စိတ်ပျက်ကြောက်ရွံ့လွယ်၍ဘုရားသခင်အားလည်းကောင်း၊ သူတို့ကိုဦးဆောင်ရန်ဘုရားသခင်ခန့်ထားတော်မူသောမောရှေအားလည်းကောင်း မကြာခဏပုန်ကန်တတ်သောလူမျိုးအကြောင်းကိုဖော်ပြသည်။ ဣသရေလအမျိုးသားတို့တွင်အားနည်းချက်နှင့်နားမထောင်တတ်သောသဘောရှိသော်လည်း ဘုရားသခင်သည်မိမိ၏လူမျိုးတော်အားစောင့်ရှောက်မြဲစောင့်ရှောက်တော်မူကြောင်းကိုလည်းကောင်း၊ တစ်ခါတစ်ရံသည်းညည်းမခံနိုင်လောက်အောင်စိတ်ပျက်စရာများနှင့်တွေ့ကြုံရသော်လည်း မောရှေသည်ဘုရားသခင်နှင့်ကိုယ်တော်၏လူမျိုးတော်တို့အပေါ်၌ထားရှိသောသစ္စာအကြောင်းကိုလည်းကောင်း ဤကျမ်း၌ဖော်ညွှန်းထားသည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလအမျိုးသားတို့သိနာတောင်မှထွက်ခွာသွားရန်ပြင်ဆင်ကြခြင်း၁:၁-၉:၂၃
(က) ပထမဦးဆုံးသန်းခေါင်စာရင်းကောက်ယူခြင်း ၁:၁-၄:၄၉
(ခ) ပညတ်များနှင့်ဥပဒေများ ၅:၁-၈:၂၆
(ဂ) ဒုတိယပသခါပွဲတော် ၉:၁-၂၃
သိနာတောင်မှမောဘလွင်ပြင်သို့ ၁၀:၁-၂၁:၃၅
မောဘလွင်ပြင်၌တွေ့ကြုံရသောအဖြစ်အပျက်များ ၂၂:၁-၃၂:၄၂
အီဂျစ်ပြည်မှမောဘလွင်ပြင်အထိခရီးစဉ်အကျဉ်းချုပ် ၃၃:၁-၄၉
ယော်ဒန်မြစ်ကိုမဖြတ်ကူးမီပေးသောပညတ်များ ၃၃:၅၀-၃၆:၁၃
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.