Common Language Bible
တောလည် 2
အနွယ်လိုက်စခန်းချပုံ
ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။- ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
အနွယ်
ခေါင်းဆောင်
ဦးရေ
ယုဒ
အမိနဒပ်၏သားနာရှုန်
၇၄၆၀၀
ဣသခါ
ဇုအာ၏သားနာသနေလ
၅၄၄၀၀
ဇာဗုလုန်
ဟေလုန်၏သားဧလျာဘ
၅၇၄၀၀
စုစုပေါင်း
၁၈၆၄၀၀
ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
အနွယ်
ခေါင်းဆောင်
ဦးရေ
ရုဗင်
ရှေဒုရ၏သားဧလိဇုရ
၄၆၅၀၀
ရှိမောင်
ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ
၅၉၃၀၀
ဂဒ်
ဒွေလ၏သားဧလျာသပ်
၄၅၆၅၀
စုစုပေါင်း
၁၅၁၄၅၀
ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
အနွယ်
ခေါင်းဆောင်
ဦးရေ
ဧဖရိမ်
အမိဟုဒ်၏သားဧလိရှမာ
၄၀၅၀၀
မနာရှေ
ပေဒါဇုရ၏သားဂါမလျေလ
၃၂၂၀၀
ဗင်္ယာမိန်
ဂိဒေါနိ၏သားအဘိဒန်
၃၅၄၀၀
စုစုပေါင်း
၁၀၈၁၀၀
ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။- မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
အနွယ်
ခေါင်းဆောင်
ဦးရေ
ဒန်
အမိရှဒ္ဒဲ၏သားအဟေဇာ
၆၂၇၀၀
အာရှာ
သြကရန်၏သားပါဂျေလ
၄၁၅၀၀
နဿလိ
ဧနန်၏သားအဟိရ
၅၃၄၀၀
စုစုပေါင်း
၁၅၇၆၀၀
ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။- ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.