Common Language Bible
တောလည် 9
ဒုတိယပသခါပွဲတော်
ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊- ``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။- သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊- သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။1
သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊- ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသရေလအမျိုးသားတို့အား``ယခုဖြစ်စေ၊ နောင်အခါဖြစ်စေ ဣသရေလအမျိုးသားတို့တွင်တစ်စုံတစ်ယောက်သည် ပသခါပွဲခံချိန်၌လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်သူသည်လည်းကောင်း၊ ရပ်ဝေးသို့ခရီးလွန်နေသူသည်လည်းကောင်းပသခါပွဲခံလိုသော်၊- တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။- နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-2 တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
မီးလျှံတောက်သောမိုးတိမ်
(ထွ၊ ၄၀:၃၄-၃၈)
ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။- မိုးတိမ်အထက်သို့တက်သည့်အခါတိုင်းဣသရေလအမျိုးသားတို့သည် စခန်းဖြုတ်၍မိုးတိမ်သက်ဆင်းသည့်နေရာတွင်တစ်ဖန်စခန်းချကြ၏။- သူတို့သည်ထာဝရဘုရား၏အမိန့်တော်အရစခန်းဖြုတ်ခြင်း၊ စခန်းချခြင်းပြုကြ၏။ မိုးတိမ်သည်တဲတော်အပေါ်တွင်တည်ရှိနေသမျှကာလပတ်လုံးသူတို့သည်စခန်းမဖြုတ်ကြချေ။- မိုးတိမ်သည်တဲတော်အပေါ်တွင်အချိန်ကြာမြင့်စွာတည်ရှိနေသောအခါ သူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုနာခံ၍ခရီးဆက်ခြင်းမပြုကြချေ။- တစ်ခါတစ်ရံမိုးတိမ်သည်တဲတော်အပေါ်တွင်ရက်အနည်းငယ်မျှသာတည်ရှိနေ၏။ မည်သို့ပင်ဖြစ်စေသူတို့သည်ထာဝရဘုရား၏အမိန့်တော်အတိုင်းသာ စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းကိုပြုလုပ်ကြသည်။- တစ်ခါတစ်ရံမိုးတိမ်သည်ညနေခင်းမှနံနက်အထိသာတည်ရှိ၏။ သူတို့သည်မိုးတိမ်တက်လျှင်ခရီးဆက်ကြသည်။- တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။- မောရှေမှတစ်ဆင့်ထာဝရဘုရားပေးသောအမိန့်တော်အရ သူတို့သည်စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းပြုလုပ်ကြ၏။
Source notes (2)
- Cross-reference ထွ၊ ၁၂:၁-၁၃။
- Cross-reference ထွ၊ ၁၂:၄၆။ ယော၊ ၁၉:၃၆။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.