Skip to content
BibleKenya

Common Language Bible

ဟေ​ရှာ​ယ 40

မျှော်​လင့်​ချက်​ရှိ​ပုံ​ကို​ဖော်​ပြ​သည့်​စ​ကား​များ

သင်​တို့​ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို

နှစ်​သိမ့်​စေ​ကြ​လော့။ သူ​တို့​ကို​နှစ်​သိမ့်​စေ​ကြ​လော့။

ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။

သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊

သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု

ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။

ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊

ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။1

ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။

တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက်

ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊

လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။

ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား

ကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။2

ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့်

``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင်

``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့်

တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။3

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊

မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။

လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။

မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်

အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။

အို ယေ​ရု​ရှ​လင်​မြို့၊

မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။

အို ဇိ​အုန်​တောင်၊

အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။

မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။

ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင်

ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်

မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍

တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။4

ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။

သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ

သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။5

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မ​နှိုင်း​ယှဉ်​အပ်​သည့် ဘု​ရား​သ​ခင်

သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊

သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။

မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊

သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။

ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။

အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။

သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။6

ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန်

အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည်

အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။

သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။

ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။

လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည်

ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။

ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။

လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။

ဘု​ရား​သ​ခင်​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။

ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​ကို​သင်​တို့ အ​ဘယ်​သို့​ဖော်​ပြ​နိုင်​ပါ​မည်​နည်း။7

ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊

ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။

ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။

သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့်

ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။

ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။

ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။

သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။

ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား

မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော

ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။

အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား

ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။

ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊

လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ဘု​ရင်​တို့​ကို ဖြုတ်​ချ​တော်​မူ​၍၊

ထို​သူ​တို့​ကို​မ​ရေ​ရာ​သော​သူ​များ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။

သူ​တို့​သည်​စိုက်​ပျိုး​၍​အ​မြစ်​စွဲ​ကာ​စ အ​ပင်​ငယ်​များ​နှင့်​တူ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​တိုက်​စေ​တော်​မူ သော​အ​ခါ၊

ထို​အ​ပင်​တို့​သည်​ခြောက်​သွေ့​၍​ဖွဲ​သ​ဖွယ် လွင့်​ပါ​သွား​ကုန်​၏။

မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​နှင့်​နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။

ကိုယ်​တော်​နှင့်​တူ​သော​သူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​သ​လော။

မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကြ​လော့။

သင်​တို့​မြင်​ရ​သည့်​ကြယ်​များ​ကို​အ​ဘယ်​သူ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း။

ယင်း​တို့​အား​စစ်​သည်​ဗိုလ်​ခြေ​သ​ဖွယ်

ထုတ်​ဆောင်​လာ​တော်​မူ​သော​အ​ရှင်​ပင် ဖြစ်​ပေ​သည်။

ကိုယ်​တော်​သည်​ကြယ်​များ​ကို​ရေ​တွက်

ထား​တော်​မူ​ပြီး​လျှင်​နာ​မည်​တပ်​၍ ခေါ်​တော်​မူ​ပါ​သည်​တ​ကား။

ကိုယ်​တော်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ​သ​ဖြင့်

ထို​ကြယ်​တို့​သည်​တစ်​လုံး​တစ်​လေ​မျှ ပျောက်​ပျက်​သည့်​အ​ခါ​ဟူ​၍​မ​ရှိ။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူ

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း

သင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း

အ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက်

တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို

သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။

ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။

ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။

အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။

ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။

အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။

လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို

ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။

သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။

ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။

ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

Source notes (7)
  1. Cross-reference မ၊ ၃:၃။ မာ၊ ၁:၃။ ယော၊ ၁:၂၃။
  2. Cross-reference လု၊ ၃:၄-၆။
  3. Cross-reference ယာ၊ ၁:၁၀-၁၁။ ၁ပေ၊ ၁:၂၄-၂၅။
  4. Cross-reference ဟေရှာ၊ ၆၂:၁၁။ ဗျာ၊ ၂၂:၁၂။
  5. Cross-reference ယေဇ၊ ၃၄:၁၅။ ယော၊ ၁၀:၁၁။
  6. Cross-reference ရော၊ ၁၁:၃၄။ ၁ကော၊ ၂:၁၆။
  7. Cross-reference တ၊ ၁၇:၂၉။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.