Common Language Bible
ဧဇရ 1
ယုဒအမျိုးသားတို့အားမိမိတို့ပြည်သို့ပြန်ကြရန်ကုရုမင်းအမိန့်ထုတ်ခြင်း
ပေရသိဘုရင်ကုရုသည်ဧကရာဇ်1 မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။2
ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-3 ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။- အကယ်၍ပြည်နှင်ဒဏ်သင့်လျက်ရှိသည့် ကိုယ်တော်၏လူမျိုးတော်ဝင်ပြန်သွားရန်အတွက် အကူအညီလိုပါကသူတို့၏ပတ်ဝန်းကျင်ရှိလူတို့က ကူညီရကြမည်။ သူတို့သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်များအပြင် ယေရုရှလင်မြို့ရှိဘုရားသခင်၏ဗိမာန်တော်အတွက် အလှူဒါနများကိုပေးရကြမည်'' ဟုပါရှိသတည်း။
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။- ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
သူတို့အားကုရုမင်းသည် ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာမင်းသိမ်းယူ၍ မိမိ၏ဘုရားတို့ဗိမာန်တွင်ထားရှိခဲ့သည့်ဖလားများကိုပေးအပ်တော်မူ၏။- မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊- အောက်ပါအတိုင်းစာရင်းပြုလုပ်ပေးအပ်လေသည်။ ပူဇော်သကာများထည့်ရန်ရွှေဖလား ၃၀
ပူဇော်သကာများထည့်ရန်ငွေဖလား
၁၀၀၀
အခြားဖလား
၂၉
ရွှေဖလားအငယ်
၃၀
ငွေဖလားအငယ်
၄၁၀
အခြားအသုံးအဆောင်များ
၁၀၀၀
ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။
Source notes (3)
- Footnote 1 * ဧကရာဇ်။ ပေရသိနိုင်ငံ၏ဘုရင်ကုရုသည်ဗာဗုလုံမြို့ကို ခ၊ ရှေ့၊ ၅၃၉ ခုနှစ်တွင်သိမ်းယူပြီး ဗာဗုလုန်နိုင်ငံ၏ဧကရာဇ်မင်းအဖြစ်စတင်အုပ်စိုးသည်။
- Cross-reference ယေ၊ ၂၅:၁၁၊ ၂၉:၁၀။
- Cross-reference ဟေရှာ၊ ၄၄:၂၈။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.