Common Language Bible
ယေဇကျေလ 1
ဘုရားသခင်ကိုမြင်သောပထမဗျာဒိတ်ရူပါရုံ
(၁:၁-၇:၂၇)
ဘုရားသခင်၏ပလ္လင်တော်
သုံးဆယ်နှစ်မြောက်1 စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-2 (ထိုနှစ်ကားယေခေါနိမင်းပြည်နှင်ဒဏ်သင့်ချိန်ငါးနှစ်မြောက်ဖြစ်သတည်း။-)3 ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။- မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-4 သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့်တောင်ပံလေးခုစီရှိ၏။- သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။- သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။- ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-5 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။- သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။- သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။
ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-6 ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။- သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။- ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။-7 သတ္တဝါများလှုပ်ရှားသွားလာသည့်အခါတိုင်း ထိုဘီးတို့သည်လိုက်၍ရွေ့လျားကြ၏။ သတ္တဝါများမြေကြီးမှခွာ၍အထက်သို့တက်ကြသောအခါ၌လည်း ဘီးတို့သည်လိုက်၍တက်ကြ၏။- ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
သတ္တဝါများ၏ဦးခေါင်းအထက်တွင်အရောင်လက်၍နေသောကျောက်သလင်းသဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ်ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-8 ထိုအရာ၏အောက်တွင်သတ္တဝါတစ်ပါးစီတို့သည် မိမိတို့နှင့်နီးရာသတ္တဝါများဘက်သို့တောင်ပံနှစ်ခုကိုဖြန့်ပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။- သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-9 ထိုသို့အတောင်များကိုချလျက်ရပ်နေစဉ် သူတို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးအပေါ်မှ အသံတစ်ခုထွက်ပေါ်လာ၏။
ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-10 ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင်ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပလျက်ရှိပေသည်။-11 ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
Source notes (11)
- Footnote 1 * သုံးဆယ်နှစ်မြောက်။ ဘယ်နှစ်ကိုဆိုလိုကြောင်းမသိရပါ။
- Cross-reference ဗျာ၊ ၁၉:၁၁။
- Cross-reference ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။
- Cross-reference ဗျာ၊ ၄:၆။
- Cross-reference ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။
- Cross-reference ယေဇ၊ ၁၀:၉-၁၃။
- Cross-reference ဗျာ၊ ၄:၈။
- Cross-reference ဗျာ၊ ၄:၆။
- Cross-reference ဗျာ၊ ၁:၁၅၊ ၁၉:၆။
- Cross-reference ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။
- Cross-reference ယေဇ၊ ၈:၂။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.