Skip to content
BibleKenya

ယေ​ဇ​ကျေ​လ

Ezekiel

Introduction from this edition

ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း

နိ​ဒါန်း

ခ​ရစ်​တော်​မ​ပေါ်​မီ ၅၈၆ ခု​နှစ်​တွင်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​ချိန်​ကာ​လ​၌​ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​သည် ဗာ​ဗု​လုန်​ပြည်​တွင် ပြည်​နှင်​ဒဏ်​သင့်​လျက်​နေ​ထိုင်​ရ​လေ​သည်။ သူ​ပြန်​ကြား​သည့်​ဗျာ​ဒိတ်​တော်​မှာ​ဗာ​ဗု​လုန်​ပြည်​တွင်​ရှိ​သည့်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​တွက်​ဖြစ်​၏။ ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း​တွင်​ပါ​သော​အ​ဋ္ဌိ​က​အ​ကြောင်း​များ​မှာ၊ ၁။ ယေ​ဇ​ကျေ​လ​အား​ပ​ရော​ဖက်​အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ခြင်း၊ ၂။ လူ​တို့​အား​ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​မည့်​အ​ကြောင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြို​ပျက်​မည့်​အ​ကြောင်း​သ​တိ​ပေး​ခြင်း၊ ၃။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖိ​စီး​နှိပ်​စက်​ကာ​မှောက်​မှား​လမ်း​လွဲ​စေ​သူ​လူ​မျိုး​တ​ကာ​တို့​အား ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​မည့်​အ​ပြစ်​ဒဏ်​နှင့်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်၊ ၄။ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် နှစ်​သိမ့်​စ​ကား​နှင့်​ပို​မို​သာ​ယာ​မည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည့်​က​တိ​တော်၊ ၅။ ဂေါ​ဂ​မင်း​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည့်​ဗျာ​ဒိတ်​တော်၊ ၆။ ပြန်​လည်​ထူ​ထောင်​ရ​မည့်​ဗိ​မာန်​တော်​နှင့် ဣသ​ရေ​လ​နိုင်​ငံ​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ယေ​ဇ​ကျေ​လ​တွေ့​မြင်​ရ​ခြင်း​တို့​ဖြစ်​သည်။

ယေ​ဇ​ကျေ​လ​သည်​ဘု​ရား​သ​ခင်​ကို​နက်​နက်​နဲ​နဲ​ယုံ​ကြည်​ကိုး​စား​သူ၊ စိတ်​ကူး​ဉာဏ်​အ​လွန်​ကောင်း​သူ​ဖြစ်​၏။ သူ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​အား​ဖြင့် အ​မှု​အ​ရာ​အ​မြောက်​အ​မြား​ကို​သိ​မြင်​ရ​လျက် ထို​ဗျာ​ဒိတ်​တော်​တို့​ကို​ကွက်​ကွက်​ကွင်း​ကွင်း​သ​ရုပ်​သဏ္ဌာန်​ဆောင်​သည့်​အ​မှု​အ​ရာ​များ​ဖြင့်​ရှင်း​လင်း​တင်​ပြ​လေ​သည်။ ယေ​ဇ​ကျေ​လ​အ​လေး​ဂ​ရု​ပြု​၍​ဖော်​ပြ​သည့်​အ​ချက်​မှာ၊ စိတ်​သစ်​သ​ဘော​သစ်​ကို​လူ​တို့​ရ​ရှိ​ရန်​လို​အပ်​မှု​နှင့်​လူ​တိုင်း မိ​မိ​အ​ပြစ်​အ​တွက်​တာ​ဝန်​ရှိ​ကြောင်း​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘ​ဝ​ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​မှု​အ​တွက် မိ​မိ​၏​မျှော်​လင့်​ချက်​ကို​လည်း​ထုတ်​ဖော်​ကြေ​ညာ​ပေ​သည်။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​နေ​ဖြင့်​သာ​မ​က ပ​ရော​ဖက်​အ​နေ​ဖြင့်​လည်း​ဗိ​မာန်​တော်​နှင့်​သန့်​ရှင်း​မြင့်​မြတ်​ရန် လို​အပ်​မှု​တို့​တွင်​အ​ထူး​ပင်​စိတ်​ဝင်​စား​၏။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ယေ​ဇ​ကျေ​လ​အား​ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခြင်း ၁:၁-၃:၂၇။

ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​မည့်​ကံ​ကြမ္မာ​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​များ ၄:၁-၂၄:၂၇။

လူ​မျိုး​တ​ကာ​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း ၂၅:၁ - ၃၂:၃၂။

ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏​က​တိ​တော် ၃၃:၁-၃၇:၂၈။

ဂေါ​ဂ​မင်း​အ​တွက်​ကြို​တင်​ဟော​ကြား​ချက် ၃၈:၁-၃၉:၂၉။

အ​နာ​ဂတ်​ဗိ​မာန်​တော်​နှင့်​ဣသ​ရေ​လ​နိုင်​ငံ​ကို​ဖော်​ပြ​မည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ၄၀:၁-၄၈:၃၅။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.