Common Language Bible
ဆာလံ 8
ထာဝရဘုရား၏ဘုန်းအသရေတော်နှင့် လူ၏ဂုဏ်ဒြပ်
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။
ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။
ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။1
ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊
စီမံထားရှိတော်မူသော
လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။
လူသားသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။2
သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက်
သူ့အားဘုန်းအသရေကိုလည်းကောင်း၊
ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။3
ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့်
ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
Source notes (3)
- Cross-reference မ၊ ၂၁:၁၆။
- Cross-reference ယောဘ၊ ၇:၁၇-၁၈။ ဆာ၊ ၁၄၄:၃။ ဟေဗြဲ၊ ၂:၆-၈။
- Cross-reference ၁ကော၊ ၁၅:၂၇။ ဧ၊ ၁:၂၂။ ဟေဗြဲ၊ ၂:၈။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.