Skip to content
BibleKenya

Common Language Bible

ဆာ​လံ 44

ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ

အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌

ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့်

ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။

ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍

ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊

လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။

မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။

ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊

ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့်

သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း

သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏

တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လေး​ကို​အား​မ​ကိုး​ပါ။

ကျွန်​တော်​မျိုး​၏​ဋ္ဌား​သည်​လည်း​ကျွန်​တော်​မျိုး​ကို မ​ကယ်​နိုင်​ပါ။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၍

ကျွန်​တော်​မျိုး​တို့​ကို​မုန်း​သူ​တို့​အား နှိမ်​နင်း​တော်​မူ​ခဲ့​ပါ​၏။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား

အ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။

သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည်

ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။

ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။

သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ်

အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။

မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။

ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို

အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား

လူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။

သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။

ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့်

ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။

ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။

သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။

ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။

သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည်

ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။

အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။

အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲ

တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ

ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်

လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သည့် အ​တွက်​ကြောင့်

ကျွန်​တော်​မျိုး​တို့​သည်​အ​ခါ​ခပ်​သိမ်း​သေ ဘေး​နှင့် ကြုံ​ရ​ကြ​ပါ​၏။

သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့​သူ​တစ်​ပါး​တို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​ပါ​၏။1

အို ထာ​ဝ​ရ​ဘု​ရား၊ နိုး​ထ​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျိန်း​စက်​၍ နေ​တော်​မူ​ပါ​သ​နည်း။ ထ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ်​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်

ကျွန်​တော်​မျိုး​တို့​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။

ကျွန်​တော်​မျိုး​တို့​၏​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို မေ့​တော်​မ​မူ​ပါ​နှင့်။

ကျွန်​တော်​မျိုး​တို့​သည်​မြေ​သို့​တိုင်​အောင် ချေ​မှုန်း​ခြင်း​ကို​ခံ​ကြ​ရ​ပါ​၏။

အ​ရေး​ရှုံး​နိမ့်​ကာ​မြေ​မှုန့်​တွင်​လဲ​လျက် နေ​ကြ​ရ​ပါ​၏။

ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။

Source notes (1)
  1. Cross-reference ရော၊၈:၃၆။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.