Common Language Bible
ဆာလံ 42
အတွဲ ၂
(ဆာလံ၊ ၄၂-၇၂)
ပြည်နှင်ဒဏ်သင့်သူတစ်ဦး၏ဆုတောင်းပတ္ထနာ
အို ဘုရားသခင်၊
သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့
ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
ကျွန်တော်မျိုးသည်အဘယ်အခါမှ
ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
ငါသည်နေ့ရောညပါငိုကြွေးရသဖြင့်
မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။
ရန်သူတို့ကငါ့အား``သင်၏ဘုရားသည်
အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား
ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား
ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။
အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။
သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။
ကိုယ်တော်သည်ဟေရမုန်တောင်နှင့်
မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင်
ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။
ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍
ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။
အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏
ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု
ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။
ငါ့ရန်သူများက``သင်၏ဘုရားသည်
အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့်
သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.