Common Language Bible
ဆာလံ 23
သိုးထိန်းတော်မြတ်ထာဝရဘုရား
ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။
ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။
ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။1
ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။
ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
အို ထာဝရဘုရား၊
အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက်
ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။
ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။
ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏
ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍
ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။
Source notes (1)
- Cross-reference ဗျာ၊ ၇:၁၇။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.