Common Language Bible
ကမ္ဘာဦး 13
အာဗြံနှင့်လောတတို့ခွဲခွာကြခြင်း
အာဗြံဇနီးမောင်နှံတို့သည်ပိုင်သမျှပစ္စည်းတို့ကိုယူ၍ အီဂျစ်ပြည်မြောက်ပိုင်းမှခါနာန်ပြည်တောင်ပိုင်းသို့ထွက်ခွာခဲ့သည်။ လောတလည်းလိုက်ပါလာခဲ့လေသည်။- အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။- တစ်ဖန်ထိုအရပ်မှထွက်ခွာ၍ခရီးအဆင့်ဆင့်ဆက်သွားပြီးနောက် ဗေသလမြို့သို့ရှေ့ရှုလာခဲ့လေသည်။ သူသည်ဗေသလမြို့နှင့်အာဣမြို့စပ်ကြားအရပ်သို့ရောက်ရှိလာ၏။- ထိုအရပ်တွင်ယခင်ကစခန်းချ၍ယဇ်ပလ္လင်တည်ခဲ့ဖူး၏။ ထိုအရပ်၌သူသည်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။
အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။- သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။- သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။- ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော်1 ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-) 2 ထို့ကြောင့်လောတသည်ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးကိုရွေးယူ၍ အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့လေသည်။ ဤသို့အားဖြင့်သူတို့နှစ်ဦးခွဲခွာခဲ့ကြသည်။- အာဗြံသည်ခါနာန်ပြည်တွင်နေထိုင်သည်။ လောတမူကားမြစ်ဝှမ်းရှိမြို့များနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ရန်ရွေးချယ်လျက်သောဒုံမြို့အနီးတွင်တဲစခန်းချလေ၏။- သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။
ဟေဗြုန်မြို့သို့အာဗြံပြောင်းရွှေ့လာခြင်း
လောတနှင့်အာဗြံတို့ခွဲခွာသွားကြပြီးနောက် ထာဝရဘုရားကအာဗြံအား``သင်ရှိရာမှအရပ်လေးမျက်နှာသို့ကြည့်ရှုလော့။- သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-3 မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။- သင်သည်ယခုထ၍မြေတစ်ပြင်လုံးကိုလှည့်ပတ်ကြည့်ရှုလော့။ သင်မြင်ရသမျှသောမြေကိုသင့်အားငါပေးမည်'' ဟုမိန့်တော်မူ၏။- ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
Source notes (3)
- Footnote 8 * ထာဝရဘုရား၏ဥယျာဉ်တော်။ ဧဒင်ဥယျာဉ်ကိုဆိုလို။
- Cross-reference က၊ ၂:၁၀။
- Cross-reference တ၊ ၇:၅။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.